International News

အိန္ဒိယနိုင်ငံတွင် ကြက်သွန်နီလက်လီဈေးနှုန်းများဆက်လက်မြင့်တက်ဖွယ်ရှိနေ

Last Updated:

အိန္ဒိယနိုင်ငံတွင် ခရမ်းသီးဈေးနှုန်းများအဆမတန်မြင့်တက်လျက်ရှိစဉ် ယခုတစ်ဖန် ကြက်သွန်နီလက်လီဈေးနှုန်းများဆက်လက်မြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။ဈေးကွက်ထဲတွင် ပြီးခဲ့သည့်ရာဘီ(ဆောင်းသီးနှံ)ကြက်သွန်နီလက်ကျန်များ မြန်မြန်ဆန်ဆန်ပုပ်သိုးပျက်စီးလာသည့် အချိန်တွင် ခါရစ်(မိုးသီးနှံ)ကြက်သွန်နီများ ဈေးကွက်သို့ရောက်ရှိရန် လအနည်းငယ်ကြာဦးမည်ဖြစ်သည်။ အဆိုပါရောင်းလိုအားကွာဟချက်ကြောင့် လက်ရှိတွင် လက်လီဈေးနှုန်း ၁ ကီလိုဂရမ်လျှင် ရူပီး ၃၀ ခန့်ရှိသော ကြက်သွန်နီဈေးနှုန်းသည် စက်တင်ဘာလအစောပိုင်းအချိန်တွင် ၁ ကီလိုဂရမ်လျှင် ရူပီး ၆၀ မှ ၇၀ ခန့် အထိ မြင့်တက်လာဖွယ်ရှိနေသည်။

ယခုနှစ်တွင် ရာဘီ(ဆောင်းသီးနှံ)ကြက်သွန်နီလက်ကျန်များသည် ပုံမှန်ထက်ပို၍ မြန်မြန်ဆန်ဆန်လျော့ကျလာလျက်ရှိသည်ဟု ဈေးကွက်ကျွမ်းကျင်သူများက ပြောကြားသည်။ မတ်လတွင် ရွာသွန်းခဲ့သောမိုးကြောင့် ကြက်သွန်နီများ၏သက်တမ်းကို တိုတောင်းစေခဲ့သည့်အတွက် ဖေဖေါ်ဝါရီလနှင့်မတ်လအတွင်း တောင်သူများက ကြောက်လန့်တကြား ဈေးကွက်သို့ အတင်းထိုး၍ ရောင်းချခဲ့ကြောင်း၊ ထို့ကြောင့် ကုန်လက်ကျန်များကို မြန်မြန်ဆန်ဆန်လျော့ကျစေခဲ့သည်ဟု ၎င်းတို့က ပြောကြားခဲ့သည်။ ပုံမှန်ဆိုလျှင် ဈေးကွက်၌ အဆိုပါရာဘီကြက်သွန်နီလက်ကျန်များသည် စက်တင်လာလအထိ ကျန်ရှိနေရဦးမည်ဖြစ်သော်လည်း ယခုတစ်ကြိမ်တွင် ဩဂုတ်လကုန်၌ ကုန်လက်ကျန်များပြတ်လပ်သွားဖွယ်ရှိနေကြောင်း သိရသည်။

မဟာရာ့ရှ်ထရာပြည်နယ်(Maharashtra)ကဲ့သို့ အဓိကကြက်သွန်စိုက်ရာဒေသများတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အတွက် ခါရစ်(မိုးသီးနှံ) ကြက်သွန်စိုက်ဧကမှာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၃ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့သည်ဟုဆိုသည်။ယင်းအချက်က လာမည့်အောက်တိုဘာလတွင် ဈေးကွက်သို့ စတင်ရောက်ရှိရမည့် ခါရစ်သီးနှံများ၏ ထွက်ရှိမှုအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။ ထို့ကြောင့် ရာဘီ သို့မဟုတ် ခါရစ်သီးနှံများမရရှိနိုင်သည့် ကြားကာလအပိုင်းအခြားသည် ၁၅ ရက်မှ ၂၀ ရက်အထိ ကြာမြင့်ဖွယ်ရှိကြောင်း သိရသည်။

ကြက်သွန်နီဈေးနှုန်းများသည် လွန်ခဲ့သောရက်အနည်းငယ်ခန့်က စတင်မြင့်တက်ခဲ့သည်။ မဟာရာ့ရှ်ထရာပြည်နယ်ရှိ အကြီးဆုံးကြက်သွန်နီအရောင်းအဝယ်ဈေးကွက်ဖြစ်သော Lasalgaon တွင် ယခုလ ၅ ရက်နေ့က ကြက်သွန်နီ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၁၂၀၀ ရှိခဲ့ရာမှ ၇ ရက်နေ့တွင် ရူပီး ၁၉၀၀ ရှိခဲ့ပြီး၊ ဩဂုတ်လ ၉ ရက်နေ့အထိ ဈေးနှုန်းမှာ ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂၅၀၀ ရှိကြောင်း သိရသည်။ လက်ရှိဖြစ်ပေါ်လျက်ရှိသော ဝယ်လိုအားနှင့် ရောင်းလိုအားအခြေအနေကြောင့် ခါရစ်ရာသီကြက်သွန်နီများ ဈေးကွက်သို့ရောက်ရှိသည့်တိုင် ဈေးနှုန်းချက်ချင်းပြန်လည်ကျဆင်းရန် မလွယ်ကူကြောင်း သိရသည်။

အိန္ဒိယတစ်နိုင်ငံလုံး၏ ကြက်သွန်နီအထွက်နှုန်းမှာ တစ်နှစ်လျှင် မက်ထရစ်တန် ၂၉ သန်းခန့်ရှိပြီး လွန်ခဲ့သော ၅ နှစ်ကထက် ၇ ရာခိုင်နှုန်းတိုးတက်လာကြောင်းနှင့် အဓိကစိုက်ပျိုးထုတ်လုပ်သော ပြည်နယ်များမှာ မဟာရာရှ်ထရာပြည်နယ်(တစ်နိုင်ငံလုံး၏ ၄၉ ရာခိုင်နှုန်း)၊ မာဒယာပရာဒက်ရှ်ပြည်နယ်(၂၂ ရာခိုင်နှုန်း)နှင့် ရာဂျက်စ်သန်ပြည်နယ်(၆ ရာခိုင်နှုန်း)ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အဓိကပြည်နယ်များတွင် ရွေးကောက်ပွဲများကျင်းပရန်ရှိနေသည့်အတွက် အဆိုပါဈေးနှုန်းမြင့်တက်မှုမှာ ဆိုးဆိုးဝါးဝါးအခြေအနေသို့ ရောက်ရှိလာဖွယ်မရှိကြောင်း၊ ကြက်သွန်နီသည် နိုင်ငံရေးနှင့်ဆက်နွှယ်လျက်ရှိသော သီးနှံတစ်မျိုးဖြစ်ကြောင်းနှင့် အစိုးရအနေဖြင့် ကုန်စည်ဈေးနှုန်းများတည်ငြိမ်ရန် ထိရောက်သောမူဝါဒများ ချမှတ်သွားဖွယ်ရှိကြောင်း သိရပါသည်။

သုံးသပ်တင်ပြချက်

ကြက်သွန်နီသည် စားဖိုဆောင်သီးနှံများတွင်ပါဝင်ပြီး ချက်ပြုတ်ရာတွင် အဓိကအသုံးပြုကြသည်။ အာလူးပြီးလျှင် ကြက်သွန်နီသည် အိန္ဒိယပြည်သူများ အနှစ်သက်ဆုံးသီးနှံတစ်မျိုးဖြစ်ပြီး၊ နိုင်ငံရေးအရ နံပါတ် ၁ ထိလွယ်ရှလွယ်ရှိသော သီးနှံလည်းဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံသည် ဒုတိယကြက်သွန်နီအများဆုံးထွက်ရှိသောနိုင်ငံဖြစ်ကာ နှစ်စဉ်ပျှမ်းပျှမက်ထရစ်တန် ၂၉ သန်းမှ ၃၀ သန်းခန့်ထုတ်လုပ်ပြီး၊ အိန္ဒိယအိမ်ထောင်စုတစ်ခုသည် ကြက်သွန်နီကို လစဉ်ပျှမ်းမျှ ၅ ကီလိုဂရမ်မျှ စားသုံးကြောင်းနှင့် ကြက်သွန်နီသည် ဟင်းသီး ဟင်းရွက်များအပေါ် ပျှမ်းမျှအသုံးစရိတ်၏ ၁၃ ရာခိုင်နှုန်းရှိကြောင်း The Print သတင်းဌာနက ဖော်ပြထားသည်။ ယခုအခါ ရာသီဥတုပြောင်းလဲမှုကြောင့် ကြက်သွန်နီစိုက်ပျိုးထွက်ရှိမှု၊ သိုလှောင်မှု၊ သယ်ယူပို့ဆောင်မှုနှင့် ရောင်းချမှုတို့အပေါ် များစွာအကျိုးသက်ရောက်လျက်ရှိကြောင်းတွေ့ရှိရသည့်အတွက် အစိုးရအနေဖြင့် ထိရောက်သော မူဝါဒအစီအမံများ ပြုလုပ်ဆောင်ရွက်သင့်ကြောင်း သုံးသပ်ရပါသည်။

ရည်ညွှန်း။ The Money Control၊ The Telegraph Online၊ The Print

(ကောင်းထွဋ်‌အောင်၊ စီးပွား‌ရေးသံမှူး၊ ‌ကော်လ်ကတ္တားမြို့)             

         

Category: International News